အမျိုးသမီးပရိတ်သတ်ကို ကိုယ်ထိလက်ရောက်တွန်းထိုးခဲ့သည့် မောင်မောင်လွင်ကို ပွဲပယ်ပြစ်ဒဏ် ခြောက်လနှင့် ဒဏ်ငွေကျပ်သိန်း ၃၀ ချမှတ်

အမျိုးသမီးပရိတ်သတ်ကို ကိုယ်ထိလက်ရောက်တွန်းထိုးခဲ့သည့် မောင်မောင်လွင်ကို ပွဲပယ်ပြစ်ဒဏ် ခြောက်လနှင့် ဒဏ်ငွေကျပ်သိန်း ၃၀ ချမှတ်
Published 13 March 2026

အမျိုးသမီးပရိတ်သတ်ကို ကိုယ်ထိလက်ရောက်တွန်းထိုးခဲ့သည့် မောင်မောင်လွင်ကို ပွဲပယ်ပြစ်ဒဏ် ခြောက်လနှင့် ဒဏ်ငွေကျပ်သိန်း ၃၀ ချမှတ်လိုက်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှယ်နယ်လိဂ်က ကြေညာသည်။

ယင်းဖြစ်စဉ်မှာ မတ် ၁၀ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်အမှတ် (၁၂၂)၊ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်၏ ပထမပိုင်းအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါဖြစ်ရပ်များအတွက် မတ် ၁၂ ရက် နေ့လည်ပိုင်းတွင် အစည်းအဝေးပြုလုပ်၍ ရတနာပုံ-ရန်ကုန်ယူနိုက်တက်ပွဲစဉ် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် မှတ်တမ်းပုံများအား ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဟု အဖွဲ့ချုပ်က ဆိုသည်။

ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကို ကျော်လွန်၍ ယခုကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအတွက် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈)တို့အရ မတ် ၁၁ ရက်မှ စတင်၍ မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ကြီးမှူးကျင်းပသောပြိုင်ပွဲများ၊ ဘောလုံးနှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် ခြောက်လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ်သိန်း ၃၀ ပေးဆောင်ရန် ချမှတ်ခဲ့သည်ဟု သိရသည်။

အလားတူ ယင်းပွဲစဉ်ကို ကိုင်တွယ်သည့် ဒိုင်လူကြီးဦးကျော်ဇေယျာအောင်မှာလည်း ဖြစ်ရပ်အတွက် မောင်မောင်လွင်ကို အနီကတ်ပြသခြင်းမရှိဘဲဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့ခြင်းကြောင့် ပွဲသုံးပွဲ ကိုင်တွယ်ခြင်း မပြုရန်နှင့် ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့အနေဖြင့် ဒုတိယပိုင်းပြန်လည်မစတင်မီ ဥပဒေနှင့်အညီ ကွင်းလယ်ဒိုင်လူကြီးကို ဆောင်ရွက်ရန် သတိပေးခြင်းမရှိသဖြင့် ပွဲသုံးပွဲ ကိုင်တွယ်ခြင်း မပြုရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ပွဲကြည့်စင်တွင် ကစားသမားအမည်တပ်ပြီး အော်ဟစ်ဆဲဆိုကာ ဆူပူခဲ့သည့် အမျိုးသမီးမှာ နိုင်ငံတကာဘောလုံးပွဲနှင့် ဖူဆယ်ပွဲများတွင် ပွဲကြည့်ခွင့်ပိတ်ပင်ခံရသူတစ်ဦးဖြစ်ပြီး ယင်းအမျိုးသမီးကိုလည်း ယင်းပွဲစဉ်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆက်လက်အရေးယူရန်ရှိသည်ဟု နေရှင်နယ်လိဂ်က ထုတ်ပြန်သည်။

Most Read

Most Recent