မာတိကာသို့ ခုန်သွားရန်

မနုဿဗေဒ

ဝီကီပီးဒီးယား မှ

မနုဿဗေဒ (အင်္ဂလိပ်: Anthropology) ဘာသာရပ်သည် အတိတ်ကာလမှ လူသားများ နှင့် ပစ္စုပ္ပန်ရှိ လူသား တို့ကို လေ့လာသော အတတ်ပညာဖြစ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးပေါ်တွင် လူသား ဟူ၍ စတင်ပေါ်ပေါက်လာသည့် အချိန်မှစ၍ လူတို့၏အကြောင်းကို ရုပ်သဏ္ဌာန်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အထွေထွေမှ ဖြစ်ထွန်းပေါ်ပေါက် တိုးတက်ပြောင်းလဲလာပုံ အစုံစုံကို သိပ္ပံနည်းကျကျ လေ့လာသော အတတ်လည်း ဖြစ်သည်။[]ယင်းဘာသာရပ်တွင် ထင်ရှား၍ တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုနေသော ကဏ္ဍကြီး ၅ သွယ် (သို့မဟုတ် ပင်မဘာသာရပ်ခွဲကြီးများ) ရှိ၏။ ယင်းကဏ္ဍကြီးများမှာ ရုပ်သဏ္ဌာန် မနုဿဗေဒ၊ ယဉ်ကျေးမှု မနုဿဗေဒ၊ သမိုင်းမပေါ်မီခေတ် (ရှေးဟောင်းသုတေသနဗေဒ)၊ လူမျိုးဗေဒ နှင့် ဘာသာဗေဒ တို့ ဖြစ်ကြသည်။

မက္ကဆီကို အမျိုးသားမနုဿဗေဒပြတိုက်မှ ပြကွက်
မက္ကဆီကိုစီးတီးမြို့ရှိ အမျိုးသားမနုဿဗေဒပြတိုက်တွင် ပြသထားသော ကိုလံဘီယာခေတ်မတိုင်မီ အမေရိကတိုက်ဦး ရိုးရာကျောက်ဆစ်လက်ရာတစ်ခု။

ရုပ်သဏ္ဌာန် မနုဿဗေဒ

[ပြင်ဆင်ရန်]

ရုပ်သဏ္ဌာန် မနုဿဗေဒ (Biological/Physical Anthropology) တွင် လူ၏ရုပ်သဏ္ဌာန်ဆိုင်ရာ အင်္ဂါရပ်တို့သည် ပတ်ဝန်းကျင်အခြေအနေကို လိုက်၍ မည်ကဲ့သို့ ဆင့်ကဲပြောင်းလဲတိုးတက်လာသည်ကို လေ့လာရပေသည်။ တစ်နည်းအားဖြင့် လူကို ဇီဝဗေဒသဘောတရားအရ သတ္တဝါတစ်မျိုးကဲ့သို့ သဘောထားပြီး လေ့လာရပေသည်။[]

ထိုသို့လေ့လာရာတွင် ဆင့်ကဲပြောင်းလဲခြင်း သဘောတရား (Evolution) ကို ချန်လှပ်ထား၍ မဖြစ်ပေ။ လူ၏ ဇာစ်မြစ်ကို နှိုက်ချွတ်လေ့လာလျှင် ကျောရိုးရှိ သတ္တဝါ၊ ယင်းမှ နို့တိုက်သတ္တဝါ၊ ထိုမှတစ်ဆင့် ပရိုင်းမိတ် (Primates) အုပ်စုဝင် မျောက်မျောက်ဝံ၊ လူ စသည်အားဖြင့် ဆင့်ကဲပြောင်းလဲခဲ့ရာမှ အဆုံးတွင် မျောက်ဝံနှင့် လူအဆင့်သို့ ရောက်ရှိခဲ့ပေသည်။ မနုဿဗေဒပညာရှင်များ၏ အယူအဆအရ လူသည် လက်ရှိကမ္ဘာပေါ်ရှိ မျောက်ဝံများ (ဥပမာ- ဂေါ်ရီလာ၊ ချင်ပန်စီ) မှ တိုက်ရိုက်ဆင်းသက်လာခြင်း မဟုတ်ပေ။ မျောက်၊ မျောက်ဝံနှင့် လူတို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဘုံဘိုးဘီဘင် (Common Ancestor) တစ်ခုတည်းမှနေ၍ သီးခြားစီ ကွဲထွက်ကာ ဆင့်ကဲပြောင်းလဲ ဆင်းသက်ခဲ့ကြခြင်း ဖြစ်သည်။[]

လူ၏ အတိတ်ဖြစ်စဉ်ကို လေ့လာရာတွင် မြေလွှာများထဲမှ တူးဖော်ရရှိသော ကျောက်ဖြစ်ရုပ်ကြွင်း (Fossils) များကို အများဆုံး ကိုးကားရပေသည်။ အကိုးအကားရဆုံး ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ဦးခွံရိုး၊ မေးရိုး၊ ပေါင်ရိုး၊ လက်မောင်းရိုးနှင့် သွားများ ဖြစ်သည်။

လူ့ကိုယ်တိုင်းပညာ (Anthropometry) သည် ရုပ်သဏ္ဌာန် မနုဿဗေဒ၏ အရေးပါသော အချက်အလက်တစ်ခု ဖြစ်သည်။ သက်ရှိလူကို တိုင်းထွာ၍လည်းကောင်း၊ လူ့အရိုးဟောင်းများကို သေချာဂန တိုင်းထွာလေ့လာခြင်းအားဖြင့်လည်းကောင်း ယင်းလူသည် မည်သည့်လူမျိုးနွယ်စု ဖြစ်သည်၊ အရပ်အမောင်း မည်ရွေ့မည်မျှရှိ၍ ယောကျာ်း သို့မဟုတ် မိန်းမ ဖြစ်သည် စသည်ကို အနီးကပ်ဆုံး မှန်ကန်အောင် ခွဲခြားပြသနိုင်သည်။

ရုပ်သဏ္ဌာန် မနုဿဗေဒအရ လူ၏ ပြင်ပအင်္ဂါရပ်များဖြစ်သော အသားရောင်၊ ဦးခေါင်းညွှန်း (ဦးခွံညွှန်း)၊ နှာခေါင်းညွှန်း၊ ဆံပင်ပုံသဏ္ဌာန်၊ မျက်လုံးအရောင်၊ အရပ်အမောင်းနှင့် သွေးအမျိုးအစား (Blood groups) စသည်တို့ကို လေ့လာ၍ လူမျိုးရင်း (Human Races) များကို ခွဲခြားစိတ်ဖြာနိုင်သည်။ ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံ၏ အဓိက အစိတ်အပိုင်းမှာ ကော့ကဆွိုက် (Caucasoid)၊ နီဂရွိုက် (Negroid) နှင့် မွန်ဂိုလွိုက် (Mongoloid) ဟူသော လူမျိုးရင်းကြီးများမှ ဆင်းသက်ပြန့်ပွားသည်ဟု ယေဘုယျ သတ်မှတ်ခဲ့ကြသည်။

ယဉ်ကျေးမှု မနုဿဗေဒ သို့မဟုတ် လူ့အဖွဲ့အစည်း မနုဿဗေဒ

[ပြင်ဆင်ရန်]

ယဉ်ကျေးမှု မနုဿဗေဒ (Cultural/Social Anthropology) သည် လူကို ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်း ရှုထောင့်မှနေ၍ လေ့လာခြင်း အတတ်ပညာ ဖြစ်သည်။ မနုဿဗေဒအရ ယဉ်ကျေးမှုဟူသည် လူတို့ကိုယ်တိုင် မိမိတို့၏ သက်သာမှု၊ ချောင်ချိမှုနှင့် လုံခြုံမှုတို့အတွက် ဖန်တီးတီထွင်ထားသော အရာဟူသမျှကို ဆိုလိုသည်။ ယဉ်ကျေးမှုကို အထည်ကိုယ်ရှိ ယဉ်ကျေးမှု (Material culture) နှင့် အထည်ကိုယ်မဲ့ ယဉ်ကျေးမှု (Non-material culture) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။[]

မြင်နိုင်တွေ့နိုင်၊ စမ်းသပ်ထိတွေ့နိုင်သော လူတို့၏ အသုံးအဆောင်၊ လက်နက်ကိရိယာ၊ တန်ဆာပလာ၊ အိုးခွက်၊ အိမ်ရာ၊ အဝတ်အစား၊ အနုပညာပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ရထား စသည်တို့ ဖြစ်သည်။ ခေတ်ဦးလူတို့နှင့် ဂူအောင်းလူတို့ခေတ်မှစ၍ လက်နက်ကိရိယာများ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာပုံကို လေ့လာခြင်းဖြင့် လူတို့၏ နေမှုထိုင်မှု တိုးတက်လာပုံကို သိနိုင်သည်။မမြင်နိုင်၊ မထိတွေ့နိုင်သော လူတို့၏ ဓလေ့ထုံးတမ်းများ၊ အစဉ်အလာများ၊ စံနှုန်းများနှင့် ဘာသာရေး ယုံကြည်မှု စသည်တို့ ဖြစ်သည်။ ယင်းတွင် သက်မဲ့ပစ္စည်းကိုးကွယ်မှု (Animism)၊ နတ်ကိုးကွယ်မှု၊ မှော်ယုံကြည်မှုများနှင့် လူမှုထုံးတမ်းများ (ဥပမာ- မီးဖွားထုံးတမ်း၊ ကြီးကောင်ဝင်ထုံးတမ်း၊ အသုဘထုံးတမ်း) အကျုံးဝင်သည်။ ထို့ပြင် အိမ်ထောင်ရေးစနစ်နှင့် ထိမ်းမြားခြင်းဓလေ့များ (ဥပမာ- တစ်လင်တစ်မယားစနစ်၊ လင်ပြိုင်မယားပြိုင်စနစ်)၊ ခေတ်ဦးလူတို့၏ စီးပွားရေးနှင့် စပ်ဆိုင်သော ခေတ်ဦးဘောဂဗေဒ စသည်တို့ကိုလည်း စေ့ငုအောင် လေ့လာရပေသည်။

သမိုင်းမတင်မီခေတ် (ရှေးဟောင်းသုတေသနဗေဒ)

[ပြင်ဆင်ရန်]

အင်္ဂလိပ်ဘာသာဖြင့် အာခီယောလိုဂျီ (Archaeology) ဟုခေါ်သော ရှေးဟောင်းသုတေသနဗေဒသည် သမိုင်းမပေါ်မီ ရှေးအတိတ်ကာလမှ ကြွင်းကျန်ခဲ့သော ဝတ္ထုပစ္စည်းများကို လေ့လာသော အတတ်ပညာ ဖြစ်သည်။ လူတို့ ကိုင်ဆောင်သုံးစွဲခဲ့သော ယဉ်ကျေးမှု အထောက်အထားများကို မြေလွှာအဆင့်ဆင့်အောက်မှ စနစ်တကျ တူးဖော်ရယူ (Excavation) ပြီးမှ လေ့လာရသည်။[]

ရှေးဟောင်းသုတေသနဗေဒအရ လူတို့ခေတ်အလိုက် အသုံးပြုခဲ့သော ကိရိယာများကို ကြည့်၍ ပေါ်ဦးကျောက်ခေတ်ကျောက်ခေတ်ဟောင်းအလယ်ကျောက်ခေတ်နှင့် ကျောက်ခေတ်သစ် ဟူ၍လည်းကောင်း၊ ထို့နောက်တွင် ကြေးဝါကြေးညိုခေတ်နှင့် သံခေတ် ဟူ၍လည်းကောင်း ခွဲခြားလေ့လာသည်။ တူးဖော်ရရှိသော အိုးခြမ်းကွဲ၊ ပန်းကန်ကွဲများ၏ မြေသားနှင့် ယင်းတို့ပေါ်ရှိ ပန်းချီ၊ အရုပ်စာလုံးများကို လေ့လာခြင်းဖြင့် ထိုခေတ်အခါက လူနေမှုအဆင့်အတန်းနှင့် ကူးလူးဆက်ဆံမှု အခြေအနေကို သိသာထင်ရှားစေနိုင်သည်။

လူမျိုးဗေဒ

[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံကို ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း ရှုထောင့်မှ နှိုင်းယှဉ်လေ့လာသော ပညာရပ်သည် လူမျိုးဗေဒ (Ethnology) မည်၏။ မနုဿဗေဒပညာရှင်များ၏ အဆိုအရ လူမျိုးစုဆိုသည်မှာ သဘာဝ ပထဝီအနေအထား ကာဆီးပိုင်းခြားထားသဖြင့် ကြာရှည်စွာ သီးခြားရပ်တည်နေခဲ့သော လူစုကို ခေါ်ဆိုခြင်း ဖြစ်သည်။[]

လူမျိုးဗေဒပညာရှင်များသည် ခေတ်နောက်ကျသည်ဟု ယူဆရသော သို့မဟုတ် သီးခြားကမ္ဘာတည်နေသော လူနည်းစုမျိုးနွယ်စုများကို အထူးပြုလေ့လာလေ့ရှိပြီး၊ ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှု၊ လူမှုရေးရာ ဓလေ့ထုံးတမ်း၊ စီးပွားရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံတို့ကို အသေးစိတ် စူးစမ်းရသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်ထောင်စု တိုင်းရင်းသားများ (ဥပမာ- နာဂ စသည့် တောင်တန်းသားများ) ၏ လူမျိုးဗေဒနှင့် ယဉ်ကျေးမှုများကို ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက သုတေသနပြု လေ့လာလျက်ရှိသည်။

ဘာသာစကားဗေဒ

[ပြင်ဆင်ရန်]

ဘာသာစကားကို စနစ်တကျ လေ့လာခြင်း အတတ်ပညာသည် ဘာသာစကားဗေဒ (Linguistic Anthropology / Linguistics) မည်၏။ ဘာသာစကားသည် မည်သည့်ကာလက မည်သို့စတင်ပေါ်ထွန်းခဲ့ပြီး လူသားတို့၏ လူမှုယဉ်ကျေးမှု ဖြစ်စဉ်တွင် မည်သို့အခြေတည်ခဲ့ပုံကို လေ့လာခြင်း ဖြစ်သည်။[] ဘာသာစကား၏ ဇာစ်မြစ်ကို ရှာဖွေ၍ သမိုင်းဖွင့်လေ့လာသော စကားဇာစ်မြစ်ပညာ (Etymology)၊ အသံဗေဒ (Phonetics) စသည်တို့သည် ဘာသာစကားဗေဒ၏ အရေးပါသော အကိုင်းအခက်များ ဖြစ်ကြသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားများကို ၎င်းတို့၏ ဆက်စပ်မှုအလိုက် ဘာသာစကား မိသားစုကြီးများ (Language Families) အဖြစ် ခွဲခြားပြီး သမိုင်းဦးခေတ်ကတည်းက တိုးတက်ပြောင်းလဲလာပုံကို ဤဘာသာရပ်တွင် စနစ်တကျ ပေါင်းစပ်လေ့လာရခြင်း ဖြစ်ပေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Kottak၊ Conrad Phillip (၂၀၁၉)။ Anthropology: Appreciating Human Diversity (အင်္ဂလိပ်ဘာသာစကားဖြင့်)။ McGraw-Hill Education။
  2. Jurmain၊ Robert (၂၀၁၇)။ Introduction to Physical Anthropology (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cengage Learning။
  3. Stringer၊ Chris (၂၀၁၂)။ Lone Survivors: How We Came to Be the Only Humans on Earth (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Times Books။
  4. Ember၊ Carol R. (၂၀၁၅)။ Cultural Anthropology (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Pearson။
  5. Renfrew၊ Colin (၂၀၂၀)။ Archaeology: Theories, Methods, and Practice (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Thames & Hudson။ Unknown parameter |second= ignored (အကူအညီ); |first2= missing |last2= (အကူအညီ)
  6. Eriksen၊ Thomas Hylland (၂၀၁၀)။ Ethnicity and Nationalism: Anthropological Perspectives (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Pluto Press။
  7. Duranti၊ Alessandro (၁၉၉၇)။ Linguistic Anthropology (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။